ယနေ့ခေတ်တွင် ၀ိပဿနာ ရှုမှတ်ခြင်းကို ခက်ခဲသည်ဟု
ပြောဆိုနေကြခြင်းမှာ လုံးဝမှားယွင်းလှပေသည်။ ပြသသော
တရားပြဆရာပုဂ္ဂိုလ်အပေါ်မူ တည်ပြီး တစ်ထိုင်တည်းနှင့်လည်း
အပါယ်တံခါးပိတ်နိုင်ပါသည်။ သို့သော် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊
ရဟန္တာဖြစ်ရန်မှာ ဆရာကောင်းလိုအပ် သည့်အပြင် မိမိ၏ ပါရမီ၊
အနုအရင့်နှင့် ကြိုးစားမှုအပေါ် မူတည်ပေသည်။ဝိပဿနာ ဆိုရာတွင် "၀ိ"သည်
များပြားလှစွာသော သတိပဌာန်လေးပါးတို့ဖြင့် "ပဿနာ"သည် ဉာဏ်ဖြင့်
ရုပ်၊ နာမ်တို့အား ရှုမှတ်ခြင်းဟု အဓိပ္ပါယ်ရသည်။ "ဘာဝနာ"ဆိုသည်မှာ
တိုးပွားခြင်း၊ ပွားများခြင်းဟု အဓိပ္ပါယ် ရသည်။
ထို့ကြောင့် "၀ိပဿနာဘာဝနာ"မှာ များပြားလှစွာသော
သတိပဌာန်လေးပါးတို့ဖြင့် ရုပ်၊ နာမ်တို့အား ဉာဏ်ဖြင့်
ရှုမှတ်ပွားများခြင်းဖြစ်သည်။ ၎င်းတွင် ပညတ်နှင့်ပရမတ် ကိုသိရန်
လိုအပ်သည်။
|
ပညတ်
(၁) ခေါ်ဝေါ် / သတ်မှတ်
(၂) မရှိ /မမှန်
(၃) ကိုင်တွယ်နိုင်
(၄) ပုံသဏ္ဍာန်(ရှိ)
အရောင်အဆင်း(ရှိ)
ဇီဝသတ္တ၀ါ(ရှိ)
(၅) နေရာညွှန်ပြနိုင်
(၆) သာမန်သိ
(၇) ပုံ
(၈) သဏ္ဍာန်
(၉) အကာ
(၁၀) အတု
(၁၁) အပူ |
ပရမတ် (ပရမတ္တ)
သဘောတရား
အရှိ /အမှန်
ကိုင်တွယ်၍မရ
ပုံသဏ္ဍာန်(မရှိ)
အရောင်အဆင်း(မရှိ)
ဇီဝသတ္တ၀ါ(မရှိ)
နေရာညွှန်ပြ၍မရ။
ဉာဏ်ဖြင့်သိ
ဂုဏ်
အမှန်
အနှစ်
အစစ်
အငြိမ်း |
ပညတ်နယ်မှာ လောကကြီးသုံးပါးဖြစ်သည်။ သတ္တ၊ သြကာသ၊ သင်္ခါရ လောကတွင်
သတ္တ၀ါအားလုံး မှီတင်းနေထိုင်ကြသည်။ ပရမတ်နယ်မှာ စိတ်၊ စေတသိက်၊
ရုပ်၊ နိဗ္ဗာန်တို့ဖြစ်သည်။ စိတ်၊ စေတသိက်၊ ရုပ်သည် အရှုခံဖြစ်ပြီး
နိဗ္ဗာန်က မျက်မှောက်ပြုရမည်ဖြစ်သည်။ ပညတ်နယ်နှင့် ပရမတ်နယ်ကို
စပ်ပြီး ရှုမှတ်ရပါသည်။ ရှုမှတ်သည့်အခါ စိတ်၊ စေတသိက်၊ ရုပ်တို့အား
ခန္ဓာငါးပါးအဖြစ် ခွဲခြားပြလို့ရသည်။ စိတ်သည် သိမှုသဘော၊
စေတသိက်သည် စိတ်ကို မှီတွယ်ခြယ်လှယ်နေသည်။
စိတ်နှင့်စေတသိက်ပေါင်းလျှင် နာမ်၊ ထို့ကြောင့်
အရှုခံက ရုပ်နှင့်နာမ်၊
ရှုမှတ်ရမည့်နည်းမှာ သတိပဌာန်လေးပါး
ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ မည်သည့်လမ်းနှင့် ကျင့်ကျင့် နိဗ္ဗာန်သို့
မျက်မှောက်ပြုပါသည်။ "သဘာဝ" ဆိုသည့် "မူပိုင်" လက္ခဏာမှာ
ကွဲပြားသော်လည်း လမ်းဆုံးလျှင် "သာမည" ဆိုသည့် "ပုံမှန်"လက္ခဏာမှာ
အတူတူပင်ဖြစ်သည်။ မဂ် ဖိုလ် နိဗ္ဗာန်ကို
မျက်မှောက်ပြုသည့်နေရာတွင် အတူတူပင်ဖြစ်သည်။ ရွှေတိဂုံဘုရား ကို
မည်သည့်မုခ်က တက်တက် နောက်ဆုံးရင်ပြင်ကို
ရောက်သည့်သဘောပင်ဖြစ်သည်။
အရှုခံခန္ဓာငါးပါးတွင်
ရုပ်ခန္ဓာက ရူပက္ခန္ဓာ (ဖောက်ပြန်)
နာမ်ခန္ဓာလေးပါးကတော့
ဝေဒနာက္ခန္ဓာ (ခံစား)
သညာက္ခန္ဓာ (မှတ်သား)
သင်္ခါရက္ခန္ဓာ (ပြုပြင်)
ဝိညာဏက္ခန္ဓာ (သိမှု)
အားလုံးပေါင်းလျှင် "ရုပ်နှင့်နာမ်" နှစ်ပါးဖြစ်သည်။
အရှုခံသည် ခန္ဓာငါးပါး (ရုပ်နှင့်နာမ်)
ရှုဉာဏ်သည် မဂ္ဂင်ငါးပါး (သမာဓိနှင့်ပညာ)
ထိုသို့ ရှုမှတ်သည့်အခါ အရှုခံ မှန်၊ ရှုဉာဏ်မှန်၊ သတိ က ဗိုလ်
(အထွဋ်အထိပ်)၊ နှလုံးသွင်း မှန်လျှင် မိမိတာဝန်ကျေပြီဖြစ်သည်။
သို့သော်အချိန်ကိုတော့ စောင့်ရပါသည်။ အချိန်လည်းရောက်၊
ပါရမီလည်းပြည့်ပြီး သဘောဆိုက်လျှင် မဂ်ဆိုက်၍ဖိုလ်ဝင်စားပြီး
"မြတ်နိဗ္ဗာန်"သို့ မျက်မှောက်ပြုပါသည်။ ၀ိပဿနာ ကို
အားထုတ်ရသည့်အကြောင်းရင်းမှာ -
(၁) ဘုရားအကြိုက် နှင့် (၂) မိမိအကြိုက်ဘုရားရှင်က ၀ိပဿနာအကျင့်
တစ်ခုတည်းနှင့် ပူဇော်ခြင်းကိုသာလျှင် ချီးမွမ်းတော်မူသည်။
ကျန်သောအလုပ်များနှင့် ပူဇော်ခြင်းကို မချီးမွမ်းပါ။
မိမိအကြိုက်ဆိုရာတွင် ရခဲလှသည့် လူ့ဘ၀မှာ
လူဖြစ်ရကျိုးနပ်ဖို့နှင့် သာသနာနဲ့ မီပါသည် ပြောနိုင်ဖို့
ဝိပဿနာအားထုတ်ရမည်ဖြစ်သည်။ ဒါန၊ သီလ၊ သမထတို့ကို အထွဋ်အထိပ်
လုပ်နေပေမယ့် ၀ိပဿနာ မပါလျှင် သာသနာနှင့်မီသည်လို့ ပြောလို့မရပေ။
ဝိပဿနာအားထုတ်ခြင်း အကျိုး(၄)မျိုးမှာ
(၁) ကျန်းမာရေးကောင်းမွန်ခြင်း၊
(၂) အနေတတ်ခြင်း၊
(၃) အသေတတ်ခြင်း၊
(၄) အပါယ်ဘေးက လွတ်ပြီး မဂ် ဖိုလ် နိဗ္ဗာန်သို့
မျက်မှောက်ပြုနိုင်ခြင်း၊
အပါယ်လွတ်ပြီးမှသာ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ခြင်း ကြောင့်လည်း ၀ိပဿနာ ဘာဝနာ
အားထုတ်ဖို့အထူး တိုက်တွန်းလိုက်ရပါသည်။